တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ အထူးတာဝန်နဲ့ရောက်လာတဲ့ ဖယ်ဒရယ်အေးဂျင့် ဒန်နီဝစ်တ်ဝါကလည်း အထက်ဌာနတို့ထုံးစံအတိုင်း မာန်တကြွကြွနဲ့ဖြစ်တာကြောင့် ရဲအဖွဲ့မှူး အန်ဒါတန်တို့နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။တစ်နေ့မှာတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လူသတ်မှုတားဆီးဖို့ precogs တွေခန့်မှန်းပေးတဲ့ လူသတ်သမားနာမည်ပါတဲ့ ဘောလုံးအနီကို အန်ဒါတန်တစ်ယောက် ကြည့်မိချိန်မှာ လူသတ်သမားနာမည်ဟာ သူကိုယ်တိုင်ဖြစ်နေတာ တွေ့လိုက်ရပါတော့တယ်။ အန်ဒါတန်အနေနဲ့ ဒါဟာ Precrime စနစ်ရဲ့ဟာကွက်ကို မျက်စိဒေါက်ထောက်ကြည့်နေပြီး သူ့ကိုလည်းမကြည်တဲ့ ဖယ်ဒရယ်အေးဂျင့် ဝစ်တ်ဝါရဲ့ ထောင်ချောက်ဆင်မှုဖြစ်ကြောင်း သံသယဖြစ်မိပြီး ထွက်ပြေးဖို့ကြံပါတော့တယ်။ အန်ဒါတန်အနေနဲ့ precogs တွေခန့်မှန်းသလို တကယ်ပဲ လူသတ်မိမှာလား၊ ပြီးပြည့်စုံတယ်လို့ထင်ရတဲ့ Precrime စနစ်ရဲ့အားနည်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ အန်ဒါတန်ကို တကယ်ပဲ ဝစ်တ်ဝါကထောင်ချောက်ဆင်ခဲ့သလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားကြည့်ကြပါ။အခြား sci-fi တွေလို ဂြိုဟ်သားတွေ၊ လက်နက်ဆန်းတွေ၊ သတ္တဝါကြီးတွေ မပါပေမယ့် စိတ်ကူးစိတ်သန်းဆန်းသစ်စွာနဲ့ သာမန်မှုခင်းဇာတ်အိမ်မျိုးကို ပုံစံတစ်မျိုးနဲ့ရိုက်ကူးပြထားတာဖြစ်လို့ ဇာတ်လမ်းအဆုံးထိ ရင်တမမနဲ့ကြည့်သွားရမယ်လို့ ရဲရဲကြီးအာမခံပါတယ်။ ဇာတ်လမ်းမှာပါတဲ့ လှည့်ကွက်လေးတွေ၊ အချိတ်အဆက်တွေကလည်း ဇာတ်အီမသွားအောင် သေသေသပ်သပ်ထည့်ထားတာဖြစ်လို့ ဘောလိဝုဒ်၊ တောလိဝုဒ်ကားတွေလို expected twist မျိုးဖြစ်မသွားပါဘူး။
Colin Farrell, Kathryn Morris, Lois Smith, Max von Sydow, Mike Binder, Neal McDonough, Peter Stormare, Samantha Morton, Steve Harris, Tim Blake Nelson, Tom Cruise