First Love (2022) First Love 初恋

First Love (2022) First Love 初恋

2022-12-02
1,882
Romance Drama Melodrama

First Love (2022) °°°°°°°°°°°°°°°°°°°°° ‘အချစ်ဦး’ တဲ့ အချစ်ဦး ဆိုတာကို ဘယ်လို ခံယူထားကြလဲ။ ကိုယ့်အနေနဲ့ ပြောရရင်တော့ အချစ်ဦးဆိုတဲ့ ဖြစ်တည်မှုဟာ သိပ်ကိုအံ့သြဖို့ကောင်းတယ်။ ဘဝမှာ ပထမဆုံးအနေနဲ့ အချစ်ဆိုတာကို သင်ကြားပေးခဲ့သူ၊ ရင်ထဲမှာ လိပ်ပြာတွေပျံနေသလို ရွစိရွစိနဲ့ ထိုင်ရမလို ထရမလို ခံစားချက်မျိုးဖြစ်အောင် ပြုစားနိုင်သူလို့ ထင်တာပဲ။ အဲဒီ အချစ်ဦးအကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းတွေ တစ်ပုံကြီး ရှိတဲ့အထဲကမှ ဇာတ်လမ်းတွဲကို စိတ်ကူးပုံပေါ်လာစေတာကတော့ ဂျပန်-အမေရိကန်ကပြားအဆိုတော်မလေး ဟိခါရု အုတဒရဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ 初恋 (First Love) ဆိုတဲ့ သီချင်းလေးပါပဲ။ ဟိခါရုဟာ ဒီသီချင်းကို ရေးပြီး အသံသွင်းခဲ့တဲ့အချိန်ကဆို အရွယ်အားဖြင့် ၁၅ နှစ်သာ ရှိပါသေးသတဲ့။ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ မြီးကောင်ပေါက်စအရွယ် အပျိုဖြန်းမလေးရဲ့ အချစ်ဦးဆိုတာကို လှလှပပ၊ ဆွေးဆွေးမြေ့မြေ့နဲ့ ပုံဖော်ထားခဲ့တဲ့၊ အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ သီချင်းလေးပေါ့။ မြန်မာပရိသတ်တွေကတော့ မူရင်းဂျပန်သီချင်းကို နားမထောင်ဖူးရင်တောင် ဆုန်သင်းပါရ် ပြန်ဆိုထားတဲ့ ♪သိပ်ချစ်ဖူးခဲ့မိတာ မင်းတစ်ယောက်တည်း ရှိတာပါ♪ ♪တစ်သက်တာ မင်းရဲ့ရင်မှာ ခိုဝင်ခွင့်တော့ ပေးလှည့်ပါ♪ ဆိုတဲ့ သီချင်းစာသားကိုတော့ နားထဲမယ် ရင်းနှီးနေလောက်မယ်လို့ ထင်ပါတယ်။ ဘယ်သူမဆို ဘဝမှာ တစ်ခါမှ ရည်းစားမထားဖူးရင်တောင် အမှတ်ရစရာ အကြောင်းတစ်ခုခု ကြုံကြိုက်တိုင်း လွမ်းဆွေးနေရမယ့် ‘အချစ်ဦး’ ဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်တော့ ရှိတတ်ကြစမြဲမို့ First Love ဟာ ၂၀၀၉ ခုနှစ်မှာ Oricon ရဲ့စစ်တမ်းကောက်ချက်အရ အသည်းကွဲနေတဲ့အချိန် နားထောင်ချင်ဆုံး သီချင်း Top Ten List ထဲတောင် ဝင်ခဲ့ပါတယ်။ ဒီလို အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ကို ရုပ်ရှင်ပြန်ရိုက်ဖို့ အကြောင်းဖန်လာပြီး Kenshin မင်းသား Takeru Satoh နဲ့ Death Note ထဲမှာ Light ရဲ့ညီမအဖြစ်ပါခဲ့တဲ့ Hikari တို့လို့ ဝါရင့်သရုပ်ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားတာမို့ Netflix ကနေ Trailer စထွက်ကတည်းက ပရိသတ်တော်တော်များများ စောင့်မျှော်နေခဲ့ကြတာပါ။ ဇာတ်လမ်းသွားအနေနဲ့ကတော့ ၂၀၀၀ ခုနှစ်အစောပိုင်းရဲ့ ခေတ်ဟောင်းအငွေ့အသက်တွေနဲ့အတူ သီချင်းထဲကလို ဆွေးဆွေးမြေ့မြေ့နဲ့ Sad Ending ဘက်ကို ဦးတည်နေတဲ့အပြင် ကြည့်နေရင်းနဲ့ တိုက်ဆိုင်မှုတွေရှိခဲ့ရင် ကိုယ့်အချစ်ဦးကို သတိရသွားနိုင်တာမို့ မျက်ရည်ခိုင်ဖို့တော့ လိုပါမယ်။ ပြီးတော့ သိထားသလောက်က စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်တာတွေပဲများပြီး သီချင်းကို ပြန်ရိုက်တာက လက်ချိုးရေလို့ရအောင် ရှားတာကြောင့် ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ အဆုံးသတ်အနေနဲ့ ပြောရရင် အချစ်ဦး​လို့ဆိုတဲ့နေရာမှာ ကိုယ်နဲ့စပြီး သူများနဲ့ဆုံးသွားတဲ့ ကြေကွဲစရာ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ခဲ့တယ်ဆိုရင်တောင် သေချာတာတစ်ခုကတော့ First Love သီချင်းထဲကလိုပဲ အချစ်ဦးဟာ ကျွန်တော်တို့နှလုံးသားရဲ့ သီးသန့်နေရာလေးတစ်ခုမှာ အမြဲခိုအောင်းနေဦးမှာပါ။ စုစုပေါင်း ၉ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Home VPN Rates More